ပေါ်လိုကိုဟိုး၏ ဒဿနစာစုများ
ရွေးချယ်လိုက်တဲ့ကံ ကြမ္မာ
ဟိုးနှစ်ပေါင်းများစွာကာလတုန်းက လူတကာကို ချစ်ခင်ကြင်နာပြီး ခွင့်လွှတ်စာနာစိတ်ရှိတဲ့ လူတစ်ယောက်ရှိတယ်။ အဲဒါကြောင့် ဖန်ဆင်းရှင်ဟာ နတ်သားတစ်ပါးကို လွှတ်ပြီး စကားပြောခိုင်းလိုက်တယ်။နတ်သားက " ခင်ဗျားရဲ့ ကောင်းမြတ်မှုတွေအတွက် ဘုရားသခင်က ဆုပေးဖို့ ကျုပ်ကိုလွှတ်လိုက်တာပဲ။ ခင်ဗျား ဆန္ဒရှိတဲ့အရာကို ပြည့်စုံအောင်ဖန်တီးပေးပါ့မယ်။ ကဲ အနာရောဂါကင်းရှင်းတဲ့ဆုများ ခင်ဗျားလိုချင်လား " လို့ မေးတော့ အဲဒီလူက " တောက်တီးတောက်တဲ့။ ဘယ်သူဟာ အနာရောဂါကင်းစင်ရမယ်ဆိုတာ ဘုရားသခင်ရွေးချယ်ဖို့ပဲ ကျုပ်ဆန္ဒရှိပါတယ်။ " လို့ ပြန်ပြောတယ်။
ဒီတော့နတ်သားက " ဒါဆိုရင် အမှန်တရားကိုသွားရာလမ်းကို ကျောခိုင်းနေတဲ့ ဒုစရိုက်ငမိုက်သားတွေကို ခေါင်းဆောင်လမ်းပြတဲ့ အလုပ်ရော " လို့ မေးတော့အဲဒီလူက " ဒါကခင်ဗျား
တို့နတ်တွေရဲ့အလုပ်ပဲ။ ကျုပ်ကဘယ်သူရိုသေကိုင်းရှိုင်းတာကိုမှ ခံချင်တာမဟုတ်ဘူး။ ကျုပ်ကိုမော်ကွန်း
တွင်ရစ်စေတဲ့ စံပြပုဂ္ဂိုလ်လို လေးစားနေတာလဲ မလိုချင်ဘူး " လို့ဆိုပြန်တယ်။
ဒီတော့နတ်သားဟာ " ခင်ဗျားကို အံသြဖွယ်ရာ အစွမ်းသတ္တိတွေ မပေးဘဲနဲ့တော့ကျုပ် ကောင်းကင်
ဘုံကိုပြန် လို့ရမှာမဟုတ်ဘူး။ ဒီတော့ ဒီကိစ္စကိုခင်ဗျားဘာမှ မရွေးချယ်ရင် ခင်ဗျားအတွက်ကျုပ်က ရွေးချယ်ပေးရလိမ့်မယ် " လို့ဆိုတယ်။ ဒီတော့မှ အဲဒီလူက အတော်ကြာအောင် စဉ်းစားပြီး " ကောင်းပြီ။ ကျုပ်ဖြစ်စေချင်တာက ကျုပ်ဖြတ်သန်းသွားလာရာ နေရာတိုင်းမှာ ကောင်းမြတ်
တဲ့ကိစ္စတွေပဲဖြစ်ထွန်းစေချင်တယ်။ အဲသလိုဖြစ်တာတွေကိုလည်း ဘယ်သူကမှ ဂရုမပြုမိစေရဘူး။ နောက်
ဆုံးကျုပ်ကိုယ်တိုင်ကတောင် ဂရုမပြုမိစေရဘူး။ နို့မို့ဆိုရင် ဒီအကြောင်းကို အရင်းခံတဲ့ မာနကြီးဘ၀င်မြင့်တဲ့စိတ်တွေဝင်ပြီး ဒုစရိုက်မှု ကျူးလွန်မိနေအုံးမယ် "
အဲဒီနောက်မှာတော့ နတ်သားဟာ အဲဒီလူရဲ့ အရိပ်ထဲကိုပဲ တန်ခိုးစွမ်းအင်ကိုထည့်ပေးလိုက် တယ်။ ဒါပေမယ့်အဲဒီ စွမ်းအင်ဟာ အဲဒီလူရဲ့ မျက်နှာပေါ်ကို နေရောင်ကျနေတဲ့အချိန်မှသာ အစွမ်းထက်အောင်ဖန်ဆင်းထားလိုက်တယ်။ အဲဒီလိုနဲ့ပဲ ဒီလူဟာ ဘယ်ကိုပဲသွားသွား ၊ သူရောက်တဲ့နေရာမှာ မကျန်းမမာဖြစ်နေတဲ့လူတွေဟာ ကျန်းမာလာကြတယ်။ မြေကြီးဟာလဲ မြေသြဇာ အသစ်တွေပြန်ဖြစ်ထွန်းတယ်။ လူတွေဟာလည်းပျော်ရွှင်မှုတွေကို ပြန်လည်ရှာဖွေတွေ့လာကြတယ်။
အဲဒီလူဟာ ကမ္ဘာမြေပေါ်မှာနှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့တယ်။ သူဟာ သူကိုယ်
တိုင်ဂရုမပြုမိဘဲ အံ့ဖွယ်သရဲ ကိစ္စတွေကို စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့်သူဟာ နေကိုမျက်နှာမူပြီးသူ့
အရိပ်က သူ့နောက်ကြောမှာ့ ရှိနေတဲ့အချိန်မျိုးမှ ဆောင်ရွက်နိုင်တာတဲ့။ ဒီလိုနဲ့အဲ့ဒီလူဟာ ကြီးကျယ်မြင့်မြတ်မှုကို ဂရုမပြုမိဘဲ သေဆုံးသည့်တိုင်အောင် နေထိုင်သွားနိုင်ခဲ့တယ်တဲ့။
(Choosing One of fate)
ကမ္ဘာကြီးကို ဘယ်လိုညှိမလဲ
တစ်ခါမှာတော့ ကွန်ဖြူးရှပ်ဟာ တပည့်တသိုက်နဲ့အတူ အင်မတန် အသိဥာဏ်မြင့်မားတဲ့ ကလေးတစ်ယောက်ရှိတယ်လို့ သတင်းကြားတဲ့ရွာကို ခရီးထွက်လာတယ်။ ကွန်ဖြူးရှပ်ဟာာ အဲ့ဒီကလေးကိုတွေ့တော့နောက် ပြောင်ကျီဆယ်တဲ့အနေနဲ့မေးခွန်းတစ်ခုမေးတယ်။ " ကမ္ကာကြီးရဲ့မညီမညာဖြစ်မှုတွေ မမျှမတမှုတွေကိုပြုပြင်ဖို့ နည်းလမ်းရှိရင်ငါ့ကို ကူညီစမ်းပါကွာ "
ကလေးကချက်ချင်းပဲပြန်ဖြေတယ်။ " တောင်တွေကိုဖြိုပစ်လိုက်၊ ငှက်တွေလည်း မှီခိုစရာမရှိဖြစ်
သွားမယ်။ ပင်လယ်နဲ့မြစ်တွေကိုလည်းဖို့ပစ်လိုက်၊ ငါးတွေသေကုန်လိမ့်မယ်။ကျေးရွာသူကြီးဟာလည်း
အရူးတစ်ယောက်လို အမိန့်သြဇာပြတတ်တဲ့သူဆိုရင် လူတွေဟာသူတို့ဘယ်မှာ နေနေတယ်ဆိုတာ
ဘယ်သူမှ သိကြမှာမဟုတ်ဘူး။ ကွဲပြားခြားနားနေတဲ့အရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကမ္ဘာကြီးဟာလုံ လောက်အောင် ကျယ်ပြောပါတယ်ဗျာ "
တပည့်တွေဟာ အဲဒီကလေးရဲ့ ဥာဏ်ကြီးပုံကြိုကည့်ပြီး ကျေနပ်ပီတိဖြစ်သွားကြတယ်။ ဒီလိုနဲ့သူတို့ဟာနောက်တစ်မြို့ကို ခရီးဆက်ခဲ့တယ်။တပည့်တွေထဲက တစ်ယောက်က " ကလေးတွေအားလုံးဟာ ဒီလိုပဲထင်ပါတယ် " လို့ကောက်ချက်ချတယ်။
ဒီတော့မှကွန်ဖြူးရှပ်ကပြောတယ်။ " ငါဟာကလေးတွေ အများကြီးကိုသိခဲ့တယ်။ တချို့ကလေးတွေ
ဟာပြေးလွှားဆော့ကစားနေရမယ့်အစား၊ သူတို့အသက်အရွယ်နဲ့သင့်တော်တဲ့အလုပ်တွေလုပ်နေကြတယ်။တချို့ကတော့ ကမ္ဘာကြီးကိုနားလည်ဖို့ကြိုးစားရင်းအလုပ်များနေတယ်။ အဲဒီလိုအရွယ်နဲ့မလိုက်အောင်ထက်မြက်တယ်
ဆိုတဲ့ ကလေးတွေထဲက ကြီးကျယ်ထူးချွန်တဲ့သုတစ်ယောက်မှထွက်ပေါ်လာတာငါမမြင်ဖူးခဲ့ဘူး။ဘာဖြစ်လို့
လဲဆိုတော့သူတို့မှာ ကလေးဘ၀ရဲ့ရိုးသားဖြူစင်မှု၊ ကျန်းမာပျော်ရွှင်မှုနဲ့ မသိနားမလည်မှုဆိုတဲ့ အတွေ့အကြုံတွေကို ဘယ်တုန်းကမှ မရခဲ့တဲ့အတွက် ဖြစ်တယ် "
( How to level out the World )
သစ္စာနီ
(အမှတ်(၃၄)၊ ၂၀၀၅၊ စက်တင်ဘာလ၊၆ရက်နေ့ထုတ် ဖတ်စရာဂျာနယ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါ
သည်။)
No comments:
Post a Comment