အမှားမှသည်အောင်မြင်မှုဆီသို
Failure in to Success
The proactive approach to a mistake is to acknowledge it instantly, correct and learn from it. This literally turns a failure into a success.
အမှားမှသည် အောင်မြင်မှုဆီ့ 
အမှားကို ကိုင်တွယ်ဖို့အတွက် အရေးပါတာကတော့ သူ့ကို မှားရင်မှားကြောင်း၊ချက်ချင်းအသိအ မှတ်ပြုပါ။ ပြုပြင်ပါ။ အဲဒီက သင်ခန်းစာ ရယူပါ။ ဒီလိုလုပ်ရင် ဆုံးရှုံးမှုကနေ အောင်မြင်မှုတွေကို ရလာမှာ ဖြစ်တယ်။
ကျွန်တော်တို့ဟာ ဘ၀မှာမမြင်မစမ်းသွားရပါတယ်။ ဘယ်သူမှလမ်းပြမြေပုံ ပေးမထားဘူး။ ဘာတွေ လုပ်ရမယ်ဆိုတာ ဘယ်သူမှအတိအကျ မသိဘူး။ လုံးဝမှန်ကန်တယ်ဆိုတဲ့ လမ်းဆိုတာ ဘယ်သူမှ မညွှန်ပြ နိုင်ဘူး။ ဒီအတွက် မှားကြတာပဲ။
မိမိမှားသလို ဘိုးဘွား အစဉ်အဆက် တွေကလည်း မှားခဲ့ဖူးတယ်။ ဒီတော့ ဒီလိုမှားတာကိုဘယ်လို တုံ့ပြန်ကြလဲ။အချို့ကရှက်တယ်။ အချို့က၀မ်းနည်းတယ်။ ငိုကြွေးတာတွေလည်းရှိတယ်။ အချို့ကမမှားချင်
ယောင်ဆောင်တယ်။ ငါလုပ်တာ အမှန်ချည်းလို့ ငါတကော ကောတတ်ကြသေးတယ်။
အမှားတွေကို လုပ်တဲ့အခါ တုံ့ပြန်မှု ပုံစံတွေ အများကြီးရှိတယ်။ ဒီမှာ Stephen R. Covey က အကောင်းဆုံး တုံပြန့်မှုကို အကြံပြုထားတယ်။ အမှားလုပ်မိတယ်လို့သံသယရှိတာနဲ့ မှားတယ်ဆိုတာကို
အသိအမှတ်ပြုပါ။ ဘာမှ ရှက်ရွံ့အားငယ်စရာ မလိုဘူး။
စဉ်းစားကြည့်လေ။အမှောင်ထဲ သွားတဲ့အခါ ခလုတ်တိုက်မိတာ၊ ချိုင့်တွေ ၊ ကျင်းတွေထဲ ကျမိတဲ့အခါ တွေရှိမှာပဲ။ ဒီအတွက် ဘာကြောင့် စိတ်ပျက်ရမှာလဲ။ ဒါဘ၀ပဲ။
" ဒါကိုမိမိသိတယ်။ ငါ တော့ ချိုင့်ထဲကျသွားပြီး " ဒါက အရေးကြီးတဲ့အသိပဲ။ ဒီလိုသိမှလည်း အ ပေါ်ကို တက်ဖို့ နည်းလမ်းရှာမှာပေါ့။ ဒီလိုသိမှလည်း အပေါ်ကိုတက်ဖို့ ကြိုးစားမှာပေါ့။
ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ တစ်ခါက မျက်စိမှုန်နေတဲ့အဖိုးအိုတစ်ယောက်ရှိတယ်တဲ့။ သူဟာ
ရွာအနီးက ဘုန်းတော်ကြီးကျောင်း ဇရပ်မှာ နေသတဲ့။ သူတော်ဟာ ဘယ်တော့မှ သူမှားရင်မှားတယ်လို့
ဝန်မခံဘူး။ တစ်ရက်တော့ သူတော်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ မလှမ်းမကမ်းမှာ မီးလန့်တယ်။သူတော်ဟာ " မီး ၊ မီး " ဆိုတဲ့ အသံကြားတော့ ပြေးထွက်ကြည့်လိုက်တာ ကျောင်းဘေးက
ရေတွင်းထဲ ကျသွားပါလေရော။
ဒီအခါ ကျောင်းသားတွေပြေးထွက်လာပြီး သူတော်ကျသွားတဲ့ ရေတွင်းထဲကို လှေကားတစ်ခုချ
ပေးတယ်။ သူတော်လည်း လှေကားကနေ ၀မ်းသာအားရတက်လာတယ်။ ကျောင်းကလှေကားဟာ အနည်းငယ် ရှည်နေတယ်။ ရေတွင်းဘောင်ကို ကျော်ထွက်တာပေါ့။ မမြင်မကန်းနဲ့ တက်လိုက်တာ
ရေတွင်းဘောင်ကျော် သွားလေတယ်။
ဒီအခါ ကျောင်သားတွေက " သူတော်၊ သူတော်၊ ရေတွင်းဘောင်ကျော်သွားပြီ။ ဆင်းတော့လေ "
လို့လှမ်းအော်ကြတယ်။ သူတော်ဟာ သူမှားသွားပြီဆိုတာကို သိလိုက်တယ်။ ဒါပေမယ့် အရှက်ပြေ ပြန်ပြောလိုက်တာက " အေးပါ၊ ငါသိပါတယ်။မီးညွှန့် ကျိုးမကျိုး သိချင်လို့ တက်ကြည့်တာပါ " တဲ့။
ဒါဟာ လူတွေရဲ့ သဘာဝကို ပြောထားတာပါ။ လူဟာ မှားတတ်တယ်။ မှားရင်မှားကြောင်းလက်ခံ ပါ။ လက်ခံလိုက်တဲ့အခါ အောင်မြင်မှုကို ဦးတည်တဲ့ အလင်းရောင်ကို တွေ့မှာဖြစ်တယ်။ မှားတာကို လက်မခံရင်တော့ အဲဒီအမှားကနေ ဘာအကျိုးကျေးဇူးမှ ရလိုက်မှာ မဟုတ်ဘူး။
ဒေါက်တာခင်မောင်ညို
( အမှတ်(၃၄)၊ ၂၀၀၅၊ စက်တင်ဘာလ၊ ၆ရက်နေ့ထုတ် ဖတ်စရာ ဂျာနယ်မှကောက်နတ်ဖော်ပြခြင်းဖြစ်ပါသည်။)
No comments:
Post a Comment